ဂန်ပါပီကြီးနှင့် အိုစမာအာလာဒင်၏တပည့်များ ထွက်သွားပြီးနောက်
ချက်ချင်းဆိုသလို အွန်လိုင်းမယ်တော်ကြီးများဟု နာမည်ကြီးနေသော
ဘလော့ဂါမမများ ဆိုင်အတွင်းသို့ အူလျားဖားလျား ၀င်လာသည်ကို
တွေ့လိုက်ရလေသည်။ ယင်းအုပ်စုတွင် မတက်ဆင်(သက်ဆင်၏ညီမမဟုတ်ပါ)၊
ဂရင်း၊ ဘုဝေ၊ နန္ဒာမှိုင် ၊ နှင်းပွဖြူလေး၊ ဆောင်းနှင်းဘူ၊
စားတော်ကဲ ချန်ဂိန်ခေါ် အန်တီဂလုဂလု၊ ခင်ဦးမြွေ၊ အီးဝေဖြိုး၊ ရောင်ဆင်၊
လင်လက်ဖြူ စသည့် ဘလော့ဂါ ပျိုဖြူလေး၊ ပျိုဖြူကြီး၊ ပျိုဖြူစကောစကကြီး
များ ပါဝင်လေသတည်း။ မတက်ဆင်မှ “..ကဲ..ကဲ..ဒီမှာဘာလုပ်နေကြတာလဲ.
..ခုဘလော့ဂါတွေ.. ဆော်ကြနှက်ကြကုန်ပြီတဲ့” “ဘာ....
ဘယ်သူတွေဘာဖြစ်ကြတာလဲဗျ..” ထွန်းဂေါက်မြွေ၏အမေးသံနှင့်အတူ...
ပလေသင်ကာမှ “..ဟာ..ဒါများဗျာ..အရင်ကတည်းက အုပ်စုတွေအမျိုးမျိုး
ကွဲနေကြတာ...ဖြစ်ကြတာလည်း ဘာဆန်းတာမှတ်လို့..”ဟု အေးအေးလေး
ပြောလိုက်၏။ “အေးလေ...ဘလော့ဂါယူနီယံဘာညာ
တောင်မရှိသေးတဲ့ဟာ... ကိုယ်ထင်ရာကိုယ်ရေး..ကိုယ်ဆော်ချင်တဲ့သူကို
ဆော်နေမှတော့ ဖြစ်မှာပေါ့” “ဟာ..ဒီလိုကိုယ်ထင်ရာ ကိုယ်ရေးတယ်လို့တော့
လွယ်လွယ်မပြောနဲ့လေ” ဟု ဟန်သစ်မိန်ကြီးမှ ထွန်းဂေါက်မြွေ၏ စကားကို
လက်မခံနိုင်သည့်ပုံစံဖြင့် ပြောလိုက်ရာ..“တော်ပါတော့ရှင်.. တော်ကြပါတော့..
ရှင်တို့ကလည်း ဒီလိုပဲ တစ်ဆိတ်ရှိ ကိုက်ချင်...အဲ..အချင်ချင်းတိုက်ဖို့ပဲ
ချောင်းနေတာပဲ။တကတည်း..ဟွန်း..” ဟု မဘုဝေ မှ မြင်ပြင်းကတ်စွာ
ပြောလိုက်လေသည်။ အခြေအနေကြည့်၍ ဂလိုဘယ်ကြီးခမျာလည်း ပုလင်းများ၊
ဖန်ခွက်များကို မသိမသာရော သိသိသာသာကြီးပါ လိုက်သိမ်းနေ၏။ ထိုအခိုက်
..ကိုကိုဖရီးမှ..“ဟားဟားဟား..ဟုတ်ပြီ...ဒါ ဘလော့ဂါတွေအခက်
ကျွန်တော်ရဲ့အကွက်ပဲဗျ. “ဘာ..ဘာကွက်လဲ၊ ပွေးကွက်လား” “ဟာ..
.ဘယ်ကလာ..ခင်ဗျားဖင်က အကွက်ဖြစ်ရမှာလဲ၊ ဒါဂွင်ဗျဂွင်..” ဟု
ထွန်းဂေါက်မြွေ၏ အမေးကို ကိုကိုဖရီးမှ ဖြေလိုက်သည်။ ကျုပ်စဉ်းစားမိတာက
ဘလော့ဂါပေါင်းစုံလက်ဝှေ့ ပြိုင်ပွဲကြီး ကျင်းပမလို့လေ။ ၀ိတ်တန်းကတော့
အလွတ်တန်းလေးပေါ့ဗျာ။ ဟဲဟဲ။“အင်း..ဒီဖရီးကလဲ အလကားနေရင်း ဖရီးရိတ်ရမဲ့
ဂွင်ပဲ ဆင်နေတာပဲ။ ” “ဆင်ရမယ်ဗျ။ ဆင်ရမယ်။ ခုဆိုရင် ဟီလာရီဆွဖ်နဲ့ မီဂန်ဖောက်စ်
တို့က သူတို့ကို အတည်တကျယူပါ တကဲကဲဖြစ်နေလို့ မနည်းတားထားရတယ်။ ဟွန်း။
ငွေက ရှာရလွယ်တာမဟုတ်ဘူး။” “ အု..ပြောမိတာမှားပါတယ် ဖရီးရယ် ။”
ကိုကိုဖရီးနှင့် ခင်ဦးမြွေ တို့၏ စကားကြောအား
အန်တီဂလုဂလုမှ..ကဲ..ကဲ..အဲ့ဒါတွေ နောက်မှပြော..ဗိုက်ဆာနေပြီ။ ရောက်တုန်း
ရှိတာလေးတွေအကုန်ချ၊ စားလိုက်ဦးမယ်။ ထိုအခါ ဒိုင်နာရီဆိုသည့်
ကပြားမလေးမျက်နှာမှာဝမ်းချုပ်တာကြာ၍ အလွန်ပြင်းထန်သည့် ဓာတုဓာတ်ငွေ့အား
ရှူရှိုက်မိသည့်အလား ရှုံ့ တွသွားလေသည်။ မီးတို့ဆီမှာ ဘာမှအရှိတော့ဘူး။
စားချင်ရင် ကိုယ့်ဘာသာ သွားဝယ်ပြီး ချက်စားတော့ ဟု လောကွတ်ပျူငှာစွာ
ပြောလိုက်လေသည်။ ဂလိုဘဲကြီးမှ..ဟဲ့ဟဲ့.. အဲဒီလိုမပြောနဲ့လေ။ သွား..မနေ့က
နောက်ဖေးမှာ ရိုက်သတ်ထားတဲ့ ကြွက်စုတ်ကြီးတစ်ကောင်ရှိသေးတယ် မဟုတ်လား။
ရှယ်ကင်ပေးလိုက်ပါလား ။ ထိုအခါ...ဝေါ့...ဂလိုဘဲကြီး၏ ကြွက်ကင်အသံ
ကြားလိုက်သည်နှင့် ဟန်သစ်မိန်ကြီးခမျာ.သောက်ထားသောရေများ..အဲ...
အရက်များ ပြန်အန်ထွက်လာလေသည်။ “ခင်ဗျား..ဗျာ..အမြည်းကို
ဒါမျိုးတွေ ပြင်ထားရလားဗျ။ တော်ပြီ နောက် လာမသောက်တော့ဘူး။”
“အေးလေ၊ ရတယ်။ မသောက်ချင်နေပေါ့။ ခင်ဗျားလို အရက်ထက်
ရေများများသောက်၊ အကြွေးကလဲ ယူသေးတဲ့သူမျိုး မရောင်းရရင် ပိုတောင်
ကောင်းသေးတယ်။ ခင်ဗျားကို ရေဖိုးပဲယူမယ်၊ အရက်ဖိုးတော့မယူဘူး သိလား
၊ ဟွန်း။ ”ဂလိုဘဲကြီး၏ ဘုကျကျစကားကြောင့် ဟန်သစ်မိန်ကြီးခင်ဗျာ..
အမြီးကုပ် အဲ..ဟိုကုပ်ဒီကုပ် ကုပ်ရင်း ငြိမ်သွားလေသည်။ ထိုစဉ်..ကဲ..
ဘယ်လိုလဲ..ကျွန်တော့်အကြံကို..ဟု ကိုကိုဖရီးမှမေးလိုက်စဉ်
ဆောင်းနှင်းဘူ ဆိုသည့်ကောင်မလေးမှ...
(ဆက်လက်စောင့်စားဖတ်ရှုပါရန်ဟု တောင်းပန်ရင်း)
မူလလက်ဟောင်း အော်ရီဂျင်နယ်ဖရီး
Sep 19, 2010
Sep 17, 2010
ပုလင်းထောင်မိုးမောင် နှင့် ဖရီး (၁)
တစ်နေ့တွင် ညညဘောလုံးပွဲများကြည့်ပြီးသကာလမနက်ကျအိပ်ရာထနောက်ကျတတ်သော
ကိုကိုဖရီးထံသို့ မိုးမှောင်သကဲ့သို့ မှုန်ကုပ်ကုပ် မှောင်တောင်တောင် မျက်နှာထားဖြင့်
မိုးမောင်တစ်ယောက် ရောက်ရှိလာလေသည်။ ဗျိုး.. ဖရီးဆွဲတဲ့ ကိုကိုဖရီး ။ ဖရီး ဆို
ကြိုက်တဲ့ ကိုကိုဖရီး လာစမ်းပါအုံးဗျ။ခုနှစ်သံချီမက ဆယ်သံချီဖြင့် အော်ခေါ်နေသော
အနှီ လူကလေးမိုးမောင်ကြောင့် အိပ်မက်ထဲတွင်ဟီလာရီဆွစ်ဖ် ဖြင့် အမ်တီဗွီရိုက်နေသော
ကိုကိုဖရီး တစ်ယောက် မထချင်ထချင် ထလာလိုက်ရလေသည်။ ဟာ..စောစောစီးစီးကွာ
ဘာတွေ အလျင်လိုနေတာလဲ...ကိုကိုဖရီး၏ အမေးကို ဟာ..ဒီမှာမပြောဘူး ဆိုင်မှာ
ပြောရအောင် မျက်နှာသစ်..လာ ။ ဟ.. ဟ..မနက်စောစောချည်း.. စောလှချည်လား
ခု ဆို ဆိုင်တောင် မဖွင့်သေးဘူး၊ ဒီအချိန်တော့ မလုပ်ပါနဲ့ကွာ ။ ဟာ..ဗျာ ဘာတွေ
ပြောနေတာလဲ။ လက်ဘက်ရည်ဆိုင်ကို ပြောနေတာဗျ။ ခင်ဗျားရဲ့ အင်ဂျီနီယာ ဆိုင်ကို
ပြောတာမဟုတ်ဘူး။ ဘာလဲကွ အင်ဂျင်နီယာဆိုင်ဆိုတာ.. ဟာ ခင်ဗျား သောက်တာ
ဘီအီး မဟုတ်လား ။ ဘီအီးရောင်းတဲ့ဆိုင်
ဆိုတော့ အင်ဂျင်နီယာဆိုင်ပေါ့ဗျာဟုတ်ဘူးလား။ ကိုင်း လာကြာတယ်။ သဒ္ဒါတဲ့စိတ်လေး
တောင် ပျောက်တော့မယ်။ ဟာ...ဖရီးသောက်ရမှာလား ။ ဒါဆို လာပြီလာပြီ။ ဖရီးဆို
သိပ်သိပ်ကြိုက် ။ ။ ဒီလိုနဲ့ ဆိုင်သို့ရောက်ပြီးသကာလ ( လက်ဖက်ရည်ဆိုင်ခင်ဗျ)
ရော့ ဒီမှာကြည့် ။ ဘုတ် ..ဆို.. မိုးမောင်က သတင်းစာတစ်စောင် ပစ်ချလိုက်သည်။
ဘာလဲကွ..မင်း ဟာက...ဟာ..ဒီမှာ ပါတီတွေ ထောင်ခွင့်ပြုလိုက်ပြီလေဗျာ။
သူများတွေဆို ထောင်လိုက်တာမှ ဟော..တစ်ပါတီ ဟော တစ်ပါတီနဲ့။ အလကားရနေတဲ့
အတိုင်းပဲ။ ခင်ဗျားက ဘာလုပ်နေတာလည်း။ အမ်ဒီအယ် အတွင်းရေးမူး လုပ်နေပြီး
အမူးသမားများ၏ အကျိုးစီပွားအတွက် ပါတီလေးဘာလေး ထောင်ဖို့လုပ်လေဗျာ။ အိမ်း.
..မင်းပြောချင်တာ ပြောပြီးပြီလား။ ဒါဆို....ကဲ....ညီလေးရေ...ဒီကို ကျဆိမ့်လေး
ပဲနံပြားလေး လုပ်ပါအုံး။ ပြောမလို ဟန်ပြင်ပြီး စားစရာလှမ်းမှာလိုက်သော ကိုကိုဖရီးကြောင့်
..ဟွန်း...ဒါမျိုးကျ ဖရီးရမယ်ဆို ထိပ်ဆုံးကပဲ ဟု..မိုးမောင်မှ မကြားတကြား
ကျိန်ဆဲလိုက်လေသည်။ ပြောပြော ခင်ဗျား ဘာပြောမှာလဲ ။ ဟ..ဟ လာမယ်လေကွာ။
မင်းက ငါ အိမ်မှာ ဘာမသိညာမသိ နှပ်နေတယ်ထင်လို့လားကွ။ ဒီမှာ... ဒါတွေ
မြင်မိလို့ သီအိုရီ ပိုင်အောင် political science စာတွေ ပြန်ဖတ်နေတာ ခု
အုပ်ရေ ၃၀ ကျော်ပြီကွ။ ဟ...ဒါတွေနဲ့ ဘာဆိုင်လို့လဲဗျ။ ဟာ..ဆိုင်တာပေါ့ကွ။
ပါတီထောင်မယ်ဆို ပါတီ သဘောတရားတွေ ၊ အခြေခံ နိုင်ငံရေး သီအိုရီတွေ၊
ကွန်စတီကျူးရှင်း တွေအကြောင်း သိသင့်တယ်လေ။ ဒါတွေထောင်ပြီး
ခင်ဗျားက ပါတီထောင်မှာလား၊ နိုင်ငံရေးကျူရှင်ပေးမှာလား။ သစ်စ်ရိုက်မောင်မင်း။
မင်းမဆိုးဘူး။အကောင်ပြရင် အရိပ်လောက်တော့မြင်တယ်။ နှစ်ခုလုံး လုပ်နိုင်တာပေါ့ကွာ။
ဟွန်း..သူ့ကိုယ်သူ ဖူကူယာမ လိုလို အိုင်းစတိန်းဘတ် လိုလိုနဲ့ လေးတန်းတောင်
ခိုးချပြီးအောင်တဲ့သူကများ။ မိုးမောင်၏ ရွဲ့တဲ့တဲ့ ခပ်တိုးတိုးပြောသံကို မကြားသည့် အလား
ကိုကိုဖရီးတစ်ယောက် ဖရီးရသည့် ပဲနံပြားနဲ့ လက်ဘက်ရည်အား ကျိတ်တွယ်နေလေသည်။
ဟီး ပြောပါစေလေ၊ သူတိုက်တဲ့ လက်ဘက်ရည်ပဲဟာ.ဟိဟိ။ ကဲ ဒီတော့ ခင်ဗျားရဲ့ အစီအစဉ်က..ဟဲဟဲ..လာမယ်လေ...ဒီလိုကွ ..
( နောက်မှ ဆက်ရန်ပါခင်ဗျ...) original free @ ko ko free

Sep 16, 2010
အရေးကြီးပစ္စည်း
ခုတစ်လော ကိုကိုဖရီးတစ်ယောက် ဂျာနယ်တွေထဲက အင်တာဗျူးလုပ်ထားတာတွေဖတ်ရင်း
စိတ်ထဲ ခုလုခုလု ဖြစ်နေရပါတယ်။ အကြောင်းရင်းကတော့ ဖြည်းဖြည်းနဲ့ပေါ်လာမယ်နော်။
အင်တာဗျူးက မင်းသားမင်းသမီးတွေနဲ့မော်ဒယ်အချို့ကို မေးထားတာခင်ဗျ။ မေးထားတဲ့ အကြောင်းအရာတွေကတော့ သွားရည်ကျစရာတွေပါ။ (သွားရည်ခံအိတ်လေးဘာလေးခံပြီး
ဖတ်ပေါ့) မေးထားတာက သူတို့ရဲ့သွားလေရာဆောင်တတ်တဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေအကြောင်းခင်ဗျ။ ပြန်ဖြေထားတာတွေကလည်း အင်မတန်မှ အထင်ကြီး
စရာပဲဗျာ။ ဆယ်သိန်းတန်ပန်းသီးဖုန်းတို့၊ ငါးသိန်းတန်ရဲမျက်မှန်တို့ အဲ..အဲ..(Police) ဘရန်းန်ကိုပြောတာနော်။ မင်းသားတစ်ယောက်ဆိုရင် သုံးနေတဲ့ပစ္စည်းတွေအားလုံး
နိုင်ငံပေါင်းစုံက ၀ယ်လာတာချည်းပဲခင်ဗျ။ မြန်မာပြည်မှာ ၀ယ်တာတစ်ခုမှမရှိတော့ ..အင်း..နိုင်ငံခြားရောက်ဖူးတာ ထည့်ကြွားစရာမလိုတော့ဘူးခင်ဗျ။ ဟီး ။ သူတို့သုံးနေတဲ့
ပစ္စည်းတွေမှာ သိန်းကျော်တန် ဘောင်းဘီတွေ၊ စကဒ်တွေ၊ အင်္ကျီတွေ၊ နာရီတွေက မစားရ
ဝခမန်းပါပဲ။ ဘာပဲဖြစ်ဖြစ်မုဒိတာပွားရပါတယ်ခင်ဗျ။ (ကိုယ်က ဒါပဲတတ်နိုင်တာကိုး..ဟိဟိ)။ မော်ဒယ်လေးတစ်ယောက်ဆိုရင် သူ့ ၀င်ငွေဘယ်လောက်ရမှန်းတော့ မသိဘူး။ ဆင်ထားတဲ့
တစ်ကိုယ်လုံးက ပစ္စည်းတွေတန်ဖိုးက အင်မတန်မှ တန်ဖိုးကြီးပါတယ်။ ဟုတ်မဟုတ်တော့
မသိပါဘူးခင်ဗျ။ (ပြည်တွင်းအခွန်ဌာနကလူတွေ အလွတ်မပေးနဲ့နော်)။ ဒီတော့ မြန်မာပြည်မှာ မော်ဒယ်တွေဒီလောက်ထောနေမှန်း မသိတဲ့ ကိုကိုဖရီးတစ်ယောက် ညံ့ဖျင်းတာ ၀န်ခံရပါမယ်
ခင်ဗျ။ အင်း..ဘာစပွန်ဆာ ညာစပွန်ဆာ တွေကလည်း သိပ်ရက်ရောကြတယ်ဆိုပဲ။ မော်ဒယ် အိုနာမီကမ်းဘဲတို့ စင်ဒီကရော့ဖို့ တို့တောင် ဒီမှာလာလုပ်စားဖို့ခက်နေဦးမယ် ခင်ဗျ။
ဒါပေမယ့်..ကိုကိုဖရီး သိပ်အံ့သြရတာ တွေ့လာတယ်ခင်ဗျ။ ဒီမော်ဒယ်တွေ မင်းသား
မင်းသမီးတွေခမျာ တစ်ကိုယ်လုံးက ဟာတွေ ကုန်အောင်ကြွား..အဲ.အဲ..ဖြေထားတယ်ဆိုပေမယ့်. .အလွန့်အင်မတန်မှ အရေးကြီးတဲ့ အသုံးအဆောင်တွေများကျန်နေသေးသလားလို့ပါ။ ဟီးဟီး..ဘာများပါလိမ့်။ ဘာလဲဆိုတော့.. အတွင်းခံဘောင်းဘီတို့၊ ဘရာဇီယာတို့ခင်ဗျ။
ဟုတ်ဘူးလား။ အင်း...ဘယ်သူကမှ ကျွန်တော်ကဖြင့် ဘယ်လောက်တန် အတွင်းခံဘောင်းဘီ၊
ကျွန်မကဖြင့် ဘယ်လောက်တန် ဘော်လီဝတ်ထားတာတို့ ပြန်ဖြေတာ မတွေ့မိဘူးခင်ဗျ။ ဟီးဟီး..ဒီတော့..ကိုကိုဖရီးစဉ်းစားမိတာက.အင်း..သူတို့တွေ ဒါတွေမှ ၀တ်ကြရဲ့လားလို့
လေ။ မ၀တ်ဘဲနဲ့ဆိုရင်..အမလေး..လေး..တော်တော်သတ္တိရှိကြတဲ့သူတွေပဲဗျ။ ဒါပေမယ့် ဟို မော်ဒယ်မင်းသမီးကိုတော့ ချီးကျူးရမယ်ထင်တယ်။ အတွင်းခံဘောင်းဘီ ကြော်ငြာမှာ သူက
ဘောင်းဘီကို ဦးစားပေးကြည့်တာခင်ဗျ။ ဘယ်နားကြည့်လဲ ပြောတော့ဘူး .. ပြောတော့ဘူး..။
ပြီးတော့ မင်းသားဘယ်ဘောင်းဘီဝတ်လာမှန်း ကြည့်လိုက်တာနဲ့တန်းသိပြီး တစ်ခါတည်းလိုက်သွားတယ်လေ။.. သြော်..ကြော်ငြာ ဒါရိုက်တာခမျာ တော်တော်လော့ဂျစ်ကျ
အောင် ရိုက်နိုင်တယ်နော်။ ဒီလိုပဲ မြန်ပြည် ဘလောဂါ တစ်လွှား ဖိန့်ဖိန့်မတုန်အောင် လူမသိသေးတဲ့ကိုကိုဖရီးရဲ့ သွားလေရာ ယူသွားတဲ့ ဟာတွေကို ဂျာနယ်မမလေးတွေက မေးလာတယ်ဆိုရင်ဖြင့် အဟမ်း..ဟမ်း (၁) ထီးစုတ်တစ်လက် (၂) အပေါစားလေးဘမ်းတံဆိပ်
နာရီတစ်လုံး (၃) လူအထင်ကြီးအောင် ဟန်ဆောင်ကိုင်ထားတဲ့ ကစားစရာ ဖုန်းတစ်လုံး
(အပေါ်တွင် မော်တိုရိုလာ စာတန်းပါ)၊ (၄) ကိုးပါးဆေးလျက်ဆား၊ (၆) ကြက်ကြောက်အိတ် (နာဂစ်ခံဒေသမှလူများအခေါ်) ..အဲ..အိတ်အမဲတစ်လုံး (၇) တွယ်အပ်ကြီးကြီး (ဖိနပ်ပြတ်လျှင်
သုံးရန်) တို့ဖြစ်ကြပါတယ်။ ကဲ..အမြင်မတော်.ဆင်တော်နဲ့ခလောက်ဆိုသလို.. လူ့သဘာဝအကြောင်း ကိုကိုဖရီးက ဖောက်သည်ချရင်း တစ်ရေးဆိုပြီးပြီမို့..၇ွာစားရေ..ကိုင်း... ဟိုအတွင်းခံဘောင်းဘီသွားဝယ်ရအောင်. .ဖရီးကို ခုပဲအခမဲ့ ပို့ပေးလိုက်ပါလို့..လို့ ။
(မူလလက်ဟောင်းဖရီး)
Sep 1, 2010
အောင်ရာအောင်ကြောင်း
မိတ်ဆွေများခင်ဗျား ..။ အချိန်တော်တော်လေးကြာအောင် မရေးဖြစ်နိုင်ခဲ့ခြင်းအတွက်
တောင်းပန်ပါတယ်။ အကြောင်းကြောင်း အဲ..အစင်းစင်းကြောင့် မရေးနိုင်ခဲ့ပေမယ့် ရေးချင်တဲ့စိတ်ကအမြဲရှိနေပါတယ်လို့ ၀န်ခံရင်း ကဲ...မြန်မာ့နိုင်ငံရေး
အပြောင်းအလဲတွေကြား ရွေးကောက်ပွဲနီးလာတော့ ကိုကိုဖရီးရဲ့ မိတ်ဆွေများ မည်သူ့ကို
မည်သို့မည်ပုံ မေးပေးရန် အလို့ငှာ ခေါင်းစားနေပါသလား။ လွယ်ပါတယ်ခင်ဗျ။ အမြီးဘက်ပြောင်းစားလိုက်ပါလို့။ ဟီး ။ ပါတီထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့
ချာပါတီ ပါပဲလို့ ရဲရဲရင့်ရင့် ၀န်ခံရင်း ကိုကိုဖရီးလည်း ရွေးကောက်ပွဲဝင်ချင်တာ တစ်ပိုင်းကို
သေလို့ခင်ဗျ။ ကျန်တဲ့တစ်ပိုင်းကတော့ ပလေသင်ကာဆိုတဲ့လူလား..
ဖရီးလာရိုက်သွားတယ်လေ။ အင်း....ရွေးကောက်ပွဲဆိုတဲ့ အတိုင်း ရွေးပြီးမှ
ကောက်မှာဆိုတော့ ...မဒီချောချောလေးတွေကိုအရင်ရှာ.. ပြီးမှ. .တော်ကောက်ရရင်ကောင်းမလားလို့...ဟီး။ မယ်စကြ၀ဠာစံနှုန်းလောက်တော့လိုမှာပေါ့နော်။
ဟဲ..ဟဲ။ ဒါမျိုးက..အန်ကယ်ကြီး..အန်ကယ်လေး (လူမင်းမဟုတ်ပါ)
တို့ကကျွမ်းပြီးသားဆိုလားပဲ။ (သေချာတယ်..အသည်းပါကျွမ်းချင်နေပြီ ထင်ပါ့) ။ အင်း..အလှုပ်အခတ်များတဲ့ ကိုကိုဖရီးတို့ခေတ်မှာ... ဟိုကွေ့ကို ဟိုတက်.
.ဒီကွေ့ကို ဒီတက်နဲ့ လှော်ဖို့တောင်မလွယ်တော့ဘူးချင်ဗျ။ မာစတာ လှော်တက်တော့ ဆောင်ထားရမယ်ထင်တယ်ခင်ဗျ။ ဒါမှ...သာပေါင်းညာစား (သာပေါင်းစက်ရုံမှာ သွားရောက်ညာစားခြင်းမဟုတ်ပါ)..အပြောခံရမဲ့အစား လူနပ် ချမ်းသာ ဆိုတဲ့
စကားအတိုင်း ကြီးပွားတိုးတက်မှာကိုးခင်ဗျ။ မြတ်စွာဘုရားကလည်း ရီကွန်မန့်
လုပ်ထားတာက မိတ်ဆွေကောင်းရှိခြင်းသည် အမှုကိစ္စကို ဟန်ဒရက် ပါစန့်
အောင်မြင်စေနိုင်၏တဲ့ ခင်ဗျ။ ကိုကိုဖရီးခမျာ မိတ်ဆွေကွန်ရက်ကြီးဆောက်ထားလိုက်တာ
အမှုကိစ္စ ဟန်ဒရက် ပါစန့် အောင်မြင်လား မအောင်မြင်လားမသိဘူး။ အမှုတွဲတွေထဲ ပါပါနေလို့ လိုက်ရှင်းနေရတာ.. ရှိတာလေးတွေပဲ.. ဟန်ဒရက် ပါစန့် ကုန်ကုန်သွားတယ်ခင်ဗျ။
အီး..ဟီး..။ ဒီတော့..ကွန်ရက်ကြီးထဲမှာ ဖယ်လ်တာတွေ ပြန်ခံလိုက်ရတယ်လေ။
ဖရီးရိုက်ရမဲ့လူလား၊ ၀ိုင်းရှယ်ရမဲ့လူလား၊ စပွန်ဆာပေးရမဲ့လူလားဆိုပြီးတော့ပေါ့။
ဒါပေမယ့်.. ဖရီးဆိုးရင် သိပ်သိပ်ကြိုက်ဆိုတဲ့ ကိုကိုဖရီးကတော့ ဖရီးအီလက်ရှင်နဲ့
ဖရီးစပွန်ဆာပေးမဲ့သူကို မျှော်လင့်ရင်း....ပြန်ဆုံတွေ့ကြပါစို့လို့ ။ ။
(မူလလက်ဟောင်းဖရီး)
Feb 22, 2010
ဖရီးရဲ့စာမေးပွဲအထူးထုတ် ဖော် ဆယ်တန်း စတုဒန့်စ်
ခု..ဆယ်တန်းတွေ စာမေးပွဲနီးလာတော့ ကျောင်းသားတွေရော..မိဘတွေရော ရင်ခုန်နေကြပြီပေါ့ဗျာ။
(မှတ်ချက်။။ ဂိုက်ဆရာတွေ၊ ကျူရှင်ဆရာတွေပါ..ပါသည်။ ဒီနှစ်..ကျောင်းသားတွေအခြေအနေကောင်းမှ
နောက်နှစ် သူတို့လည်း အခြေအနေကောင်းမှာကိုး)စပေါ့တွေ၊ ဒါပဲကြည့်ကွက်တိ တွေ၊ လမ်းကြောင်းက
တဆင့် ရထားတာတွေ၊ မပိုင်ရင်ခြင်တောင်မရိုက်ဘူးဆိုတဲ့ဆရာတွေကလည်း အုံးအုံးကျွက်ကျွက်ပါပဲ။
ဒီကြားထဲ မအောင်ရင် ငွေပြန်အမ်းလိုက်မယ် ဆိုတဲ့သူတွေတောင်ပါသေးသဗျ။ စားမေးပွဲဖြေနည်း
လမ်းညွှန်တွေလဲ ပလူပျံအောင် တွေ့နေရတော့ ကိုကိုဖရီလည်း တတ်သည့်ပညာ မနေသာဆိုသလို
နည်းနည်းလေး ၀င်ပလေးချင်ပါတယ်။ ကိုကိုဖရီး က ဆယ်တန်းကျောင်းသားများအတွက်
အထူးစပယ်ရှယ်ဂိတ်ဆုံး စာမေးပွဲလမ်းညွှန် ထုတ်မလို့လေ။ ကိုကိုဖရီးရဲ့ စာအုပ်မှာဆိုရင်
ခိုးချနည်းပေါင်းစုံ နှစ်ရာကျော်၊ ဘာမှရေးဘဲ အမှတ်ရနည်း တစ်ရာကျော်၊ စာမေးပွဲစောင့်တဲ့
ဆရာဆရာမတွေကို ပေါင်းနည်း သုံးဆယ်၊ အနားလာမကပ်အောင်လုပ်နည်း နှစ်ဆယ့်လေးနည်းနဲ့
အမှတ်ရအောင် ဖြီးဖြန်းရေးနည်း တွေအပြင်၊ ဆေးရုံကဖြေနိုင်ခွင့်ရဖို့ရောဂါရအောင်လုပ်နည်းပေါင်းစုံ
အပါအ၀င် စာကို အရကျက်နည်းရော-မရတရကျက်နည်းတွေရော ပါတယ်ခင်ဗျ။
ဒါတွေတင်မကသေးဘူး။ အထူးလမ်းညွှန်းချက်ဆိုပြီးတော့ မျဉ်းကို ခဲတံဖြင့်တားနည်း၊ ခေါင်းစဉ်ကို ဘောပင်ဖြင့်တပ်နည်း၊ ခုံနံပါတ်နဲ့နာမည်တွေ၊ အဖြေနံပါတ်ထိုးနည်းတွေ၊ လူရှိန်အောင်စာရွက်ကို ပေါပေါလောလောဖြုန်းရေးနည်း၊ ခဲဖျက်နဲ့ကော်ရက်ရှင်မင်ဖျက်နည်း တွေလည်း ပါသေးတယ်နော်။
ဒါပေမယ့် ကိုကိုဖရီး ရဲ့အကြံကို လက်ခံပြီး အရင်းအနှီးထုတ်ပေးမဲ့ ပါဘလစ်ရှာ တစ်ယောက်တော့
လိုနေတယ်ခင်ဗျ။ ဒါကြောင့် စိတ်ပါဝင်စားသူများ၊ စာအုပ်လိုချင်သူများ (kokofreefree@gmail.com) သို့အမြန်ဆက်သွယ်စာရင်း ပေးကြပါရန်..။ ။
(မှတ်ချက် ။ ။ ကျောင်းသားများအတွက် တကယ်စေတနာထားသူသာဖြစ်ရမည်)
Subscribe to:
Posts (Atom)