ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Jul 5, 2012

ကိုကိုဖရီး နှစ်လုံးတည်းနှင့်ဘောင်းဘီကျပ်ရခြင်း


မိတ်ဆွေတို့ရေ.. ခုတစ်လော ကိုကိုဖရီး တစ်ယောက် နှစ်လုံးတည်းနဲ့ ဘောင်းဘီကျပ် သလို ဖြစ်ဖြစ်နေပါတယ်။ တစ်မျိုးတော့မထင်ပါနဲ့.. ဟီး...အဲ့ဒါကတော့ ကိုယ့်နိုင်ငံကိုတောင် မြန်မာလို့  ခေါ်ရမလား ဗမာလို့ ခေါ်ရမလား  ဝေခွဲမရလို့ ပါခင်ဗျ။ အင်း..မြန်မာ...နဲ့....ဗမာ ဆိုတာ နှစ်လုံးတည်းဆိုတော့လဲ ကျပ်လည်းကျပ်ချင်စရာပဲကိုး။ ငြင်းခုန်နေကြတဲ့ သူတွေကလဲ သူ့ဘက်က မှန်သလို ကိုယ့်ဘက်က မမှားသလိုနဲ့ အကြိတ်အနယ် ဆက်ကန်..အဲ.. အခိုင်အမာ ပြောဆိုနေကြလေရဲ့။ ဗမာလို့ ရပ်တည်ချင်တဲ့ သူတွေဘက်က ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို မြန်မာ့လွတ်လပ်ရေး တပ်မတော် (MIA) ဆိုပြီး လုပ်လို့ရမလားဆိုပြီး ထပွက်လောရိုက်နေသလို မြန်မာဘီယာ ကို ဗမာဘီယာ ဆိုပြီးပြောင်းရင်လဲ မြန်မာတို့ရဲ့ ထရိတ်မတ်ဘီယာလေး ပျောက် သွားမှာပေါ့ဆိုပြီး မြန်မာလို့ ဆက်ခေါ်ချင်သူများကလဲ တစ်ဘက်ကအလျှော့မပေးသေးသဗျ။ အင်း..နိုင်ငံခြားအဖွဲ့တွေကတော့ ကြားထဲကထွင်လိုက်တာ ရှင်းတယ်..Myanmar/Burma တဲ့..ကဲ.  ..ပြီးရော။ ဟိဟိ ။ ဒီတော့ ကိုကိုဖရီးလည်း ကိုကိုဖရီးတို့ရဲ့ အမ်ဒီအယ်ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အရက်သမားများအသင်း (MDL- League for Myanmar Drinkers) ကို ဘီဒီအယ် ခေါ် ဗမာနိုင်ငံလုံး ဆိုင်ရာ အရက်သမားများအသင်း (BDL- League for Burma Drinkers) ဆိုပြီး ပြန်ပြောင်းရမလား မပြောတတ် တော့ဘူးခင်ည။ ဒါကြောင့် ရီဖရန်ဒန်ခေါ် အရက်သမားများ၏ ဆန္ဒနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ အများဆန္ဒအရ  ( ဟိဟိ...တစ်ဦးမှလဲ မပါဘဲနဲ့) အောက်ပါ အထင်ကရ သြဇာမလကာကြံချောင်း ကြီးမားလှသည့် ၀ါးရင့်ပုဂ္ဂိုလ်ကြီးများပါဝင်သော အမ်ဒီအယ်ဘုတ်အဖွဲ့ကြီးမှ စည်းကမ်းပြည့်ဝသည့် ဟုမ်းမိတ်ဒီမိုကရေစီနယူးဖော်မြူလာနှင့်အညီ  ကြီးမှူး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
(၁) ကိုကိုဖရီး ( အ.က.ထုတ်. - ဥက္ကဌ )
(၂) ဒေါက်တာဖရီး ( အတွင်းရေးမူး ) ( မှတ်ချက် ။ ဒေါက်တာချက်ကြီးနှင့် အမျိုးမတော်ပါ)
(၃) မောင်မောင်ဖရီး ( လက်ယာ တွဲဖက်အတွင်းရေးမူး) ( မှတ်ချက် ။ မောင်မောင်စေတန်မဟုတ်)
(၄) ညမင်းသားဖရီး (လက်ဝဲအတွင်းရေးမူး) ( မှတ်ချက် ။ ညမင်းသားလေး၏မိတ်ဆွေတစ်ဦးမျှသာ)
(၅) မိုးကျရွှေဖရီး (တွဲဖက်လက်ထောက်ပူးတွဲအတွင်းရေးမူး) ( မှတ်ချက် ။ မိုးကျရွှေကိုယ်နှင့် မှားယွင်းခြင်းသည်းခံပါ)
ပုံ။ ကိုကိုဖရီး
ချဲရောင်းမယ် (Chairman)
MDL/BDL