(1)
ဝဿ န် ကာလ မိုးရာသီကားမဟာရန်ကုန်ရွှေမြို့တော်တစ်ခွင် ရွဲရွဲစိုအောင်
ပြုလုပ်နေသည်တကား။ အနှီ သကောင့်သားမိုးမှာသည်းသည်းမည်းမည်းရွာချလိုက်၊ မလုံမလဲအုံ့ပုန်းလေးတဖွဲဖွဲရွာလိုက်၊ မစို့မပို့လေး ကြောင်သေးပန်းသလိုဗျက်ခနဲ ဗျက်ခနဲ
ရွာလိုက်လုပ်နေရာ ရန်ကုန်မြို့လမ်းမများမှာ ရေမြုပ်သည့်နေရာမြုပ်၊ ရွှံ့ဗွက်ထသည့်နေရာထဖြင့်သွားလာရေးအတော်လေးကသိကအောက်ဖြစ်ရလေသည်။
အင်တာနေရှင်နယ် ဖရီးအင်တာပရိုက်စ်၏ စီအီးအိုဖြစ်သူကိုကိုဖရီးတစ်ယောက်ခမျာ စီးတော်ယာဉ်မာစီဒီးဘင့်ဇ်လေး အင်ဂျင်ထဲရေ၀င်မှာစိုးရ၊ ရွံ့ပေသွားမှာစိုးရနှင့် ရန်ကုန်မြို့လယ်ကောင်အရပ်တွင်ဖွင့်ထားသော မိမိ၏ရုံးခန်းလေးသို့ပင် မသွားချင်မလာ ချင်အောင်ဖြစ်နေရသည်။ သို့သော် မိုးရွာသောအေးစိမ့်စိမ့် ရာသီဥတုဝယ် သူလေးနှင့် နွေးနွေးထွေးထွေးရှိနေမည်ကိုတွေးမိပြန်တော့ နားထင်လေးများပင်
နွေးတေးတေးဖြစ်လာ သလိုရှိချေ၏။ ဘောလုံးသမားများ အကြိုက်ရာသီဥတုမှာ သူလေးနှင့် နွေးနွေးထွေးထွေးဆိုတော့ ကိုကိုဖရီးခင်မျာ ဘလက်လေဘယ်များ၊ ချီးစ်ဗက်လေးများနဲ့ငြိမ့်နေတယ် မထင်လိုက်ကြပါနဲ့။ အလွန်တရာမှ နုနယ်ဖွံ့ထွားကာ
ကိုကိုဖရီးအပေါ် ကိုယ်ဖိရင်ဖိပြုစုတတ်သောအတွင်းရေးမှူးမလေး ညုညုတု
ကြောင့်ပင်တည်း။ ငှဲငှဲငှဲ။
နိုင်ငံတကာနှင့်ချီကာကိုရီးယားဂင်ချီနှင့်အပြိုင် ခါးတက်ချဉ်၊ ဓညင်းသီး၊ သရက်သီးဆားရည်စိမ်များအိပ်စ်ပို့လုပ်နေရသောကိုကိုဖရီးခင်မျာ အလုပ်အင်မတန်များ
လွန်းသဖြင့် မျက်စိကြည် နှာခေါင်းမွှေး ကိုယ်လက်နွေးထွေးစရာအတွင်းရေးမှူးမလေး
တစ်ယောက် ခန့်ထားရပေသည်။ ယင်းအား ရှယ်လစာပေးထားရသည့်အပြင် အခြားသောထောက်ပံ့မှုများအားလည်းခေါင်းစဉ်ပေါင်းစုံတပ်ကာ ကြိတ်ကြိတ်တစ်မျိုး ကွယ်ရာတစ်မျိုး ပေးရလေ၏။ သို့မဟုတ်ပါကပြင်ပစာရင်းစစ်ထက် အဆများစွာ စိစပ်
သေချာသော ပြည်ထဲရေးဝန်ကြီး နှင့် ဘဏ္ဍာရေးဝန်ကြီး ပူးတွဲတာဝန်ယူထားသည့်
မဒမ်ဖရီး၏ ခုံရုံးတင်စစ်ဆေးခြင်းကို ခံရလိမ့်မည်တကား။ ဤကုမ္ပဏီမှာလည်း
ကိုကိုဖရီးပိုင်မဟုတ်ဘဲ မဒမ်ဖရီး၏ဖခင် ကိုကိုဖရီး၏ ယောက္ခထီးကြီး ပိုင် ဖြစ်နေလေတော့ကာအစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်းဆိုသလို
လုံခြုံရေး အမြဲသတိရှိနေရ၏။ ထို့ကြောင့်အတွင်းရေးမှူးမလေးအား ဘေးဘက်သီးခြား အခန်းတစ်ခုတွင်ထားကာ ကိုကိုဖရီး၏အခန်းမှ လျှို့ဝှက်မလွယ်ပေါက်လေးနှင့်
ဆက်သွယ်ထားရ၏။ ဖရီး..မင်းတယ်ပိုင်သကွာ..ဟိဟိ။
(2)
ယနေ့နံနက်၉ နာရီတွင် နိုင်ငံခြားဧည့်သည်များနှင့် ချိန်းထားသဖြင့် ကိုကိုဖရီးတစ်ယောက် ရုံးသို့ပုံမှန်ထက်ခပ်စောစော ထွက်လာရသည်။သြော်..သူဌေးလုပ်ရသည်မှာတယ်တော့ မလွယ်လှပေဘူး။ ၀န်ထမ်းတွေ ရုံးနောက်ကျရင် ဒဏ်ကြေးအနေနဲ့ လစာလေးဘာလေး ဖြတ်ပြီး မိမိအတွက်ပိုကျန်အောင် လုပ်ရတာဆိုတော့ မတော် မိမိကနောက်ကျရင်လဲသူတို့ကိုပြောဆို ရမှာမလွယ်တော့ပေဘူး။ အဲ... စောပြီးပြန်ရင်လည်း သူတို့တွေပါအတုခိုးပြီးအကျင့်ပါကုန်မှာစိုးလို့
ကိုကိုဖရီးခမျာ ရုံးစောစောလာ၊ပြန်တော့ နောက်ကျမှ ပြန်လုပ်နေရတယ်လေ။ လမ်းပေါ်မှာလည်း ကားတွေပိတ်တာက အတော်လေးစိတ်ပျက်စရာ။ဒီကြားထဲ ကားဆယ်စီးမှာ ၆ စီးလောက်က တက်စီကားတွေဖြစ်နေပြီး ဟိုနေရာဖြတ်ဝင်ဒီနေရာဖြတ်ဝင်နဲ့လိုင်းကားတွေထက်တောင် သူတို့ကိုပိုသတိထားနေရတယ်။ ဒါကြောင့်လည်း ကိုကိုဖရီးရဲ့ကားဒရိုင်ဘာကို စခန့်ကတည်းက အန္တရာယ်ကင်းဂါထာတွေဘာတွေရလားမေးပြီး ခန့်ထားရတယ်။ နေ့တိုင်း ကားပေါ်တက် မမောင်းခင်ကတည်းက ရွတ်ဖတ်ခိုင်းလိုက်တော့နည်းနည်းစိတ်ပေါ့ သွားတာပေါ့လေ။ ဟဲဟဲ။
ရုံးဝသို့ကားရောက်သည်နှင့် ၀န်ထမ်းကောင်လေးတစ်ယောက်ကပြေးလာကာ တံခါးလာဖွင့်ပေး၏။ ကိုကိုဖရီး၏လက်စွဲတော်အတာ့ချီကေ့စ်အား အနှီဝန်ထမ်းလေးမှသယ်သွားစဉ် သူဌေးပီပီ
ခပ်တည်တည် မျက်နှာထားဖြင့် ရုံးခန်းရှိရာသွားရလေသည်။ကိုကိုဖရီးအနေဖြင့် ၀န်ထမ်းများဘက်သို့ လှည့်၍ နှုတ်ဆက်ခြင်း၊ ပြုံးပြခြင်းများလုပ်လေ့မရှိပဲအထာလေးနှင့်နေရသည်။ မဟုတ်ရင် သူဌေးကမျက်နှာချိုပြီးသဘောကောင်း တယ်ထင်နေမှ အခွင့်အရေးတွေ ယူလာမှာစိုးရသည်။
(၃)
အခန်းထဲရောက်ပြီး စားပွဲပေါ်မှဘဲလ်လေးအားတီးလိုက်စဉ်မှာပင် အတွင်းရေးမှူးမလေး ညုညုတုအပြေးကလေးရောက်လာကာ ’’စာ..စောလှချည်လား”၊ ”စာ.. ညကများသွားရင်ပြန်ဖြေဖို့ ညုလေး သံပုရာရည်ဖျော်ပေး ရမလားဟင်..စာ..’’.ဟု မူမူနွဲ့နွဲ့ကလေးပြောရှာလေသည်။ သူ့ခမျာ ဆရာဆိုသည်ကိုပင် အဖျားလေးဆွတ်ကာ‘စာ’ ဟုခေါ်သည်မှာတစ်မျိုးလေး
နားထောင်ကောင်းသော်လည်း ကိုကိုဖရီးတစ်ယောက် မိမိကိုယ်မိမိ အမွှေးနှုတ်ထားသော စာကလေးငှက်တစ်ကောင်ပုံ အာရုံထဲပေါ်မိလေသည်။ ရပါတယ်ကွယ်စာဘာမှမဖြစ်..အဲ.. သူ့ပြောတာကြည့်ပြီးကိုယ်တောင်ယောင်သလိုဖြစ်..အဲ..ဆရာဘာမှမဖြစ်ပါဘူးညုလေးရယ်။
ဟို..နောက်၁ နာရီလောက်နေရင် နိုင်ငံခြားဧည့်သည်တွေရောက်မှာဆိုတော့ သူတို့ကိုဧည့်ခံဖို့ ကောက်ညှင်းပေါင်းလေး သုံးရာဖိုးလောက်သွားဝယ်ပေးပါလားကွယ်။ သူတို့ကနိုင်ငံခြားဖြစ်တွေ စားနေကျဆိုတော့ မြန်မာမုန့်လေး စားရတာပေါ့ကွဲ..ဟုတ်ဘူးလား..။ (အဟီး..တကယ်တော့ဧည့်ခံစရိတ်သက်သာ နည်းလား) ။ ဟင်..စာကလဲ ဧည့်သည်ကျွေးဖို့ ကောက်ညှင်းပေါင်းလေးသုံးရာဖိုးပဲလား။ညုလေးလည်း..ခု ဗိုက်ဆာလို့
လမ်းကြုံတာနဲ့ ဂရင်းမီးရထားမှာ ဘရိတ်ဖတ်စ်သွားစားလိုက်မယ်နော်။ပေး..ပိုက်ဆံ။ အင်..အမလေး..ကုန်ပါပြီ..အီး။ နိုင်ငံခြားသားတောင် အကုန်အကျ မခံချင်လို့ဝိတ်လျှော့
ပါတယ်ဆိုမှ ဒင်းက...။ တောက်.. ငါ့အကြောင်းပြီးမှ သိမယ်...။ သြော်..ရပါတယ်ညုလေးရယ်. .ကောက်ညှင်းပေါင်း သုံးရာဖိုးတော့ ၀ယ်ခဲ့ပေး။ ရော့..ဒီမှာ ဘရိတ်ဖတ်စ်ဖိုးတစ်သောင်း
ယူလိုက်နော်။ ဟုတ်..စာ။ ပြောဆိုပြီး မချောက လှစ်ခနဲသုတ်သွား လေသည်။ ဖူး...သူ့ဘရိတ်ဖတ်စ်ဖိုးနဲ့တင်..ငါတော့ဒီနေ့နာပြီ။
(4)
ထို့နောက် အချိန်အတန်ကြာတော့ ချိန်းဆိုထားသည့် ဧည့်သည်များသာရောက်လာသည်။ ညုတုခမျာထွက်သွားပြီး ၂ နာ၇ီ လောက်ကြာသည့်အထိ ပေါ်မလာသေး။ ဖုန်းလှမ်းဆက်တော့လည်းဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေ သည်တဲ့။ ကောင်းရော။
ဒီလိုနှင့် ဧည့်သည်များကိုလည်း ဘာနဲ့မျှ ဧည့်မခံလိုက်ရဘဲစကားစမြည်ပြောဆိုကာ ပြန်လွှတ် လိုက်ရ လေသည်။ ဧည့်သည်များထွက်သွားပြီး အချိန်အထိ အဆက်အသွယ်မရတော့ကိုကိုဖရီး အတော်လေး ဒေါကန် လာသည်။ ထိုအခိုက်..လက်ကိုင်ဖုန်းမြည်လာသဖြင့် နားထောင်လိုက်ရာ.."စာ..ညုလေ... ကောက်ညှင်းပေါင်း သွားဝယ်ပြီးအပြန် ဂရင်းမီးရထားမှာ ဘရိတ်ဖတ်စ်သွားစားရင်းညုလေးရဲ့ချစ်သူနဲ့တွေ့လို့ ညှိလိုက်တာအဆင်ပြေပြီး တစ်ခါတည်းသူ့နောက်လိုက်သွားပါပြီရှင့်။""ဟင်...။ ဟိုလေ ကောက်ညှင်းပေါင်းကိုတော့ လမ်းမှာတွေ့တဲ့ကိုရင်တစ်ပါးကို စာ့ကိုယ်စားလောင်းလိုက်ပါတယ်နော်။စာ..၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်နော်။ သြော်...ဒါနဲ့.. ဟိုလေ..စာ့ရဲ့ အမျိုးသမီးကိုလည်းအဲဒီမှာ ကောင်လေး ငယ်ငယ်ချောချောလေးနဲ့ ကော်ဖီဆိုင်မှာ တွေ့..တွေ့."..."ဘာ..တော်တော့.... ကုန်ပြီ၊ကုန်ပါပြီ။ အီး..အဟီး..အင့်..ရွှတ်..ဖွတ်...ဖွီး.." အနှီအသံကား ဖုန်းအားငူငူကြီးကိုင်လျက်စီအီးအိုကိုကိုဖရီး ၏ နှမျောတသကြီးစွာ မချိတင်ကဲ ငိုချလိုက်သံပင်တည်း။ သူနှမျောသည်မှာအိမ်က မဒမ်ဖရီးလား.. .နုနယ်ဖွံ့ထွားပျော့ပျောင်းလှသော ညုညုတု လားဆိုတာကိုကား ကိုကိုဖရီးပင်သိချေ
လိမ့်မည်တကား....။။
မှတ်ချက် ။ ။ ဤစာဖြင့် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုလိုက်ပါ၏။ ဟိဟိ
ပြည့်မေတ္တာခံယူလျက်....မူလလက်ဟောင်း ကိုကိုဖရီး

No comments:
Post a Comment