ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

May 21, 2013

ကို ကို F R E E: ကိုကိုဖရီးနှင့်ရွှေပုံပြင်

ကို ကို F R E E: ကိုကိုဖရီးနှင့်ရွှေပုံပြင်

ကိုကိုဖရီးနှင့်ရွှေပုံပြင်

ရွှေမျိုးရွှေနွယ်၊ရွှေစစ်ရွှေမှန်ဖြစ်ပေသော ရွှေကိုကိုဖရီးတစ်ယောက် ရွှေအကြောင်းပုံပြင်
ရွှေညဏ်တော်ကွန့်မြူးရေးထုတ်အပ်လိုက်ပေသည်မှာ ရွှေနဲ့ပတ်သက်လျှင် မြန်မာတွေ
သဲပုံများ..ပြောချင်ဘူး..ပြောချင်ဘူး ( ပြောတော့မှာမို့လို့စကားအင်ထရိုဝင်တာ.ဟိ.)။
ကြည့်လေဆွေမျိုးမဟုတ်ဘူး..ရွှေမျိုးတဲ့..ရွှေရှိမှအမျိုးတော်ချင်တာဆိုပဲ။ဟိုး နိုင်ငံခြားမှာ
ရရာလုပ်နေတဲ့သူတွေကလဲခပ်တည်တည်ပဲသူတို့ကိုယ်သူတို့ရွှေတဲ့။ အင်္ဂလိပ်ခေတ်က
မျက်နှာဖြူတွေကိုအရွဲ့တိုက်သခင်ဘွဲ့ခံသလို ရွှေနာမည်ခံရုံနဲ့ ရွှေတွေဘာတွေ စုမိလား
မစုမိလား ကိုကိုရွှေတွေပဲသိမှာပါ။ နောက်..ကျန်သေးတယ်..ဘာတဲ့.. ရွှေအကြောင်း
ဖယောင်းသိဆိုလား..ခုတော့ ရွှေအကြောင်းမိတ္ထီလာကသိလို့ ပြောင်းရမလိုဖြစ်ကုန်ထင်ပါ့။
ထစ်ခနဲရှိဒေါ်လာဈေးတက်ရင် ကန်စွန်းရွက်ဈေးတက်ချင်၊ ရွှေဈေးတက်ရင် ဘဲဥဈေး
တက်ချင်တဲ့ ကိုကိုဖရီးတို့ရွှေနိုင်ငံမှာ ရန်ကုန်လေဆိပ်နားလမ်းဆုံအနီးGolden Land ဆိုတဲ့
ဟာကြီးကလဲ ခပ်တည်တည်ပဲဗျ။ တော်သေးတာက ရွှေဈေးတက်တိုင်း ကိုကိုဖရီးတို့ရဲ့
ရွှေရောင်တ၀င်းဝင်းနဲ့ (ဘုရားမဟုတ်ပါ) ဘီယာဈေးတွေမတက်တာကောင်းလိုက်တာ။
ဟဲ..ဟဲ..ဟဲ။ ဒီကြားထဲဗျာ..ဘာ..ခုလာမဲ့ဆီးဂိမ်းမှာ ရွှေတစ်ရာလောက်မှန်းတယ်ဆိုပြီး
ခပ်တည်တည်နဲ့ ဟိန်းဟောက်နေကြတာ ကိုကိုဖရီးတော့နားမလည်နိုင်ပေါင်။ ကြည့်လေ
နှစ်တိုင်းနှစ်တိုင်း အခုနှစ်ဆယ်တောင်မရနိုင်သေးတာ ဘယ်လိုများတစ်ရာထိရအောင်
လုပ်မလဲဆိုတာအင်း..တွေးကြည့်..ရင်လေးမိပါဘိ။ သြော်..မြန်မာတွေ ရွှေနဲ့အကြောင်း
သင့်ပုံများ ဟို..ရွှေပါတဲ့နာမည်နဲ့လူကြီးကုပ်တက်စီးထားတာလဲ နှစ်အတော်ကြာအောင်
ခံခဲ့ရပေါ့။ ခုတော့ရွှေအသံကြားတိုင်းတစ်တိုင်းပြည်လုံးထောင်းလမောင်းထအောင်
ငွေလမ်းခင်းငွေတွင်းတူးနေတဲ့လမ်းတိုကြိုက်စီးပွားရေးသမားတွေ၊ ကံအကြောင်းမလှလို့
ဘ၀ဆုံးပါးကုန်သူတွေနဲ့ ကိုကိုဖရီးတို့ရဲ့ ရွှေနိုင်ငံကြီးလဲခပ်တည်တည်ချီတက်နေဆဲပါ
လို့ရွှေလက်တော်အညောင်းခံလို့ယစ်ရွှေရည်လေးတစ်ကျိုက်စီမျိုရင်းရေးလိုက်လေသည်
တကား။ ။

မူလလက်ဟောင်းရွှေရည်ရွှေသန့်ရွှေကိုကိုဖရီး




Jul 9, 2012

မဟာက၀ိပဏ္ဍိတမာစတာဒေါက်တာကိုကိုဖရီးနှင့်၃ကွက်ရှင်စ်


တစ်နေ့သ၌ ဘီယာဖိုးလေးရစိမ့်သောငြာ မှော်ဘီစီးတီးရှိသရက်တလင်းခြံထဲ၌ နိုင်ငံရေးဘောဂဗေဒ                               သင်တန်းလေး ခါတော်မှီ ပတ်တိုင်း ဖွင့်စားနေသည့်  မဟာက၀ိပဏ္ဍိတမာစတာဒေါက်တာကိုကိုဖရီးထံသို့ တပည့်ကျော်လေးများဖြစ်သော “ဂျိုးဇက်စတစ်လတစ် နှင့် ပေါဂေါ်လီနာ” တို့ ရောက်ရှိလာကြလေသည်။          အနှီတပည့်လေးများကား ကိုကိုဖရီးပါမောက္ခလုပ်ခဲ့ဖူးသော ကမ္ဘာကျော်တက္ကသိုလ်ကြီးများဖြစ်သည့် ဟားဗတ်၊                   အောက်စဖို့၊ ပရင့်စတန်၊ စတန်းဖို့၊ ကိုလံဘီယာ၊ ကော်နီ၊ ကော်နယ်၊ ဂျွန်ဟော့ကင်း၊ အမ်အိုင်တီ၊ ရေးလ်၊                            ထားဝယ်၊ ဘိတ် စသည်စသည်တို့တွင် နောက်မှ တကောက်ကောက်လိုက်ကာ တောက်တိုမယ်ရ တိုလီမိုလီများ                     လိုက်လံပြုစု တပည့်ခံရင်း ပီအိပ်ခ်ျဒီထက် မြင့်သည့် ပီအိပ်ခ်ျအီး (Ph.E) များရယူထားသူများ ဖြစ်ကြလေသတည်း။             ကိုကိုဖရီးမူကား ကမ္ဘာပေါ်ရှိမည်သည့်တက္ကသိုလ်မျှ စိတ်ကြိုက်မတွေ့သဖြင့် Institute of International Free ကို ကိုယ်တိုင်တည်ထောင်ကာ ကိုယ့်ဘာသာကိုယ် ပီအိပ်ခ်ျအီး ( Ph.E) ပေးအပ်ထားရရှာလေသည်။ အဟင့် ။ ယခုကိုကိုဖရီးထံသို့ရောက်လာသော တပည့်ကျော်နှစ်ယောက်က ကိုကိုဖရီးစီရင်ရေးသားအပ်သည့် “မုန်တိုင်းကအင်၊ ဒီမိုကရေစီကအတု” စာအုပ်မထွက်ဖြစ်သည့်အတွက် ၄င်းတို့သိချင်သော အချို့ အချက်များအား လူကိုယ်တိုင် လာရောက်ဆည်းပူးခြင်းဖြစ်ကြောင်း ၄င်းတို့ပြောစကားများ အရ သိခဲ့ရပေသည်။ ကိုကိုဖရီးမှ “ကဲ..မောင်ရင်တို့ သိချင်တာလေးတွေရှိရင်တော့ မေးကြကွယ်... အချိန်တော့သိပ်မရဘူးနော်.. .မာဆက်ခ်ျမှာဘွတ်ကင် လုပ်ထားလို့...တော်ကြာသမီးလေးတွေ စိတ်ဆိုးသွားရင် မလွယ်ဘူးကွဲ့..ဟွန်းဟွန်း”။ “ဟာ...ရပါတယ်ဆရာကြီးရယ်   မေးခွန်းလေး(၃) ခုလောက်တည်းပါ။ကျွန်တော်တို့လဲ ကမ္ဘာပေါ်မှာရှိသမျှ စာကြည့်တိုက်တွေရောက် ပညာရှင်တွေ ရှာဖွေတွေ့ထားပြီးသမျှတွေ ပြန်ပြီးလေ့လာထားတာတောင် နားမလည်သေးတဲ့အချက်တွေ ကျန်သေးလို့ပါခင်ဗျ” ဟု နှုတ်သွက်အာသွက် ပေါဂေါ်လီနာလေးမှ ရိုရိုသေသေလေး ပြန်ပြောလေသည်။ “အိမ်း.. မောင်ရင်လေးပြောသလိုဆို အတော်ပင်ခက်မဲ့ အကြောင်းအရာတွေဖြစ်မယ်ထင်ပါ့..ဟုတ်ရဲ့လား” ... ထိုအခါ ဂျိုးဇက်စတစ်လတစ်မှ “ဟာ...ဒါပေမယ့်ဆရာကြီးရယ်... ဆရာကြီးကဆရာကြီးပါ...ဆရာကြီးကတော့ ဖြေနိုင်မယ်ထင်ပါတယ်” ။          “အိမ်း..ဂလိုဆိုတော့လဲ လင်းစမ်းပါဦးကွ ဘာတွေသိချင်ရတာလဲ”  ဤသို့ဖြင့် နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ဖိန့်ဖြင့်လုပ်စား...အဲ..သင်စား လာတာကြာသော ကိုကိုဖရီးတစ်ယောက် မေးခွန်းမေးရန် အိုပန်းလုပ်လိုက် ရလေသတည်း။ ပေါဂေါ်လီနာမှစ၍ “ဆရာကြီး ဒီမေးခွန်းတွေက မြန်မာ နိုင်ငံနဲ့ဆိုင်ပါတယ်ခင်ဗျ” ..“အွမ်..ငါတော့...နာပြီ”...ဟု ပြောပြောဆိုဆို လ၀န်းပမာကိုကိုဖရီး၏ မျက်နှာမှာ မော်တော်ကားတာယာပမာ မည်းမည်းပြဲပြဲဖြစ်သွားလေတော့သည်။ မထူးတော့ပြီမို့ ကိုကိုဖရီးလဲ ဟန်လုပ်ကာဆက်မေးခွင့်ပြုလိုက်ရသည်။      ပေါဂေါ်လီနာမှဆက်၍ “ဒီလိုပါဆရာကြီး..ပထမ တစ်ချက်က မြန်မာနိုင်ငံရဲ့အရွေ့ကိုဘယ်သူလုပ်လိုက်တာလဲ              ကျွန်တော်တို့ မရှင်းလို့ပါခင်ဗျ” ..“သြော်...ဒါလား.. ဘာများလဲလို့...ဟားဟားဟား..မြန်မာနိုင်ငံကိုရွှေ့လိုက်တာ ကိုယ်လေကွာ..ငှင်းငှင်းငှင်း” .. “အိုး..” ပေါဂေါ်လီနာနှင့် ဂျိုးဇက်စတစ်လတစ် တို့နှစ်ယောက် တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ အံသြသွားကြစဉ် ..“ဟုတ်တယ်..ကိုယ်ပဲ.. ဟိုမှာကြည့်လေ ဟိုး..ထရံပေါ်             ကမြန်မာနိုင်ငံမြေပုံကို မနေ့ကမှ ခေါင်းရင်း ဘက်ပြောင်းရွှေ့ လိုက်တာလေ..ဒီတော့ မြန်မာနိုင်ငံကိုရွှေ့တာ              ကိုယ်ပေါ့ကွာ..ဟဲဟဲ” ကိုကိုဖရီး၏အဖြေကြောင့်  “..သြော်...ဟုတ်ပါပေတယ်..ဆရာကြီးခင်ဗျာ..” ပြောပြော ဆိုဆို ပေါဂေါ်လီနာတို့နှစ်ယောက်သားခမျာ စာအုပ်လေးထုတ်ကာ တကုပ်ကုပ်လိုက်ရေးမှတ်ကြလေ၏။ ထို့နောက်.. ဂျိုးဇက်စတစ်လတစ်မှ “ဆရာကြီး..ဒုတိယတစ်ချက်က.. မြန်မာနိုင်ငံက အပြောင်းအလဲတွေ ဘာကြောင့်မြန်တာလဲ               သိချင်လို့ပါ” ၄င်း၏အမေးကို ကိုကိုဖရီးမှ နှုတ်ခမ်းမွေးလေး ကျိုးတို့ကျဲတဲဖြင့် ငဇင်ရိုင်းပြုံး လေးပြုံးကာ..“ဟားဟား.       . ဒါများကွာ..မြန်ဆို မနှေးလို့ပေါ့ကွာ...ငှင်းငှင်း” “..ဟာ..ဒါဆိုဘာဖြစ်လို့မနှေးတာလဲဆိုတာကိုလဲ..ရှင်း..ရှင်းး..”  ..“ သြော်ကွာ...မနှေးရတာကလဲ မြန်လို့ပေါ့ကွာ...ဒီမှာမောင်ရင်တို့ မှတ်ထားကြ မြန်မာနိုင်ငံမှာနှေးတာဆိုလို့              အင်တာနက်ရယ်၊ ထိုင်ခုံဖယ်ပေးတာရယ်ပဲရှိတယ်ကွ.....“ခင်ဗျာ...ဘယ်လို”...“သြော်...ဘတ်စ်ကားတွေပေါ်မှာ                   လူကြီးသူမကို ထိုင်ခုံဖယ်ပေးတာပြောပါတယ်..ဟိဟိ..”  “ဟုတ်..ဟုတ်ကဲ့..” ပြောပြောဆိုဆို ငတိလေးနှစ်ယောက်ခမျာ ကိုကိုဖရီး၏အဖြေကို စာအုပ်လေးထဲ တကုပ်ကုပ်လိုက်ရေးမှတ်ကြလေ၏။ “ကဲ..နောက်ဆုံး တတိယတစ်ခု.                 .မြန်မြန်မေးကွာ” ဟု ကိုကိုဖရီးမှ လက်တွင်ပတ်ထားသော ၁၅ သိန်းတန်အိုမီဂါနာရီကြီးကို ဟန်ပါပါကြည့်ရင်းပြောလိုက်ရာ ပေါဂေါ်လီနာလေးမှ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုထောင်ချောက် (၄)ခု အနက် မည်သည့်ထောင်ချောက်ထဲကျရောက်နေသလဲ ဟု မရဲတရဲမေးလိုက်လေသည် ။ ထိုအခါကိုကိုဖရီး၏ ခန့်ညား         တည်ကြည့်လှသော ဥပဓိရုပ်မှာ အလွန်မှပင် မှန်းဆရခက်သော မျက်နှာသို့ ပြောင်းသွားပြီး “ အိမ်း... ဒီမေးခွန်းကို တစ်နေ့မေးလာကြလိမ့်ဆိုတာ ဆရာကြီးသိထားပါတယ်ကွယ်...မဖြေမဖြစ်ဖြေရမယ်ဆိုရင်တော့.. မြန်မာနိုင်ငံဟာ ဘယ်ထောင်ချောက်ထဲမှာမှ ကျမနေပါဘူးကွယ်..” “ဟုတ်ပါ့မလားဆရာကြီးရယ်...” “...ဟားဟားဟား.. သိပ်ဟုတ်တာပေါ့ကွယ်...ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက ဒီထောင်ချောက်တွေကို မူပိုင်ခွင့် ( patent) ယူပြီး ကိုယ်တိုင်တီထွင်ထားတာဖြစ်လို့ ဒီထောင်ချောက်တွေလောက်တော့ အသာလေးရှောင်သွားနိုင်လို့ပေါ့ကွယ်...ငှင်း..ငှင်း..ငှင်း” “..ဟား..ဟုတ်လိုက်တာဆရာကြီးရယ်... ဆရာကြီးဖရီးလိုလူမျိုး ကမ္ဘာပေါ်မှာရှိနေတာ တပည့်တို့ ဂုဏ်ယူလို့မဆုံးပါဘူးဟုဆိုရင်း တပည့်ကျော်လေး နှစ်ယောက်မှာ ကိုကိုဖရီး၏အဖြေကို စာအုပ်လေးထဲ တကုပ်ကုပ်လိုက်ရေးမှတ်ကြလေတော့၏။ ။

ခင်မင်လေးစားစွာဖြင့် မူလလက်ဟောင်းဂန္ထ၀င်ကိုကိုဖရီး

Jul 5, 2012

ကိုကိုဖရီး နှစ်လုံးတည်းနှင့်ဘောင်းဘီကျပ်ရခြင်း


မိတ်ဆွေတို့ရေ.. ခုတစ်လော ကိုကိုဖရီး တစ်ယောက် နှစ်လုံးတည်းနဲ့ ဘောင်းဘီကျပ် သလို ဖြစ်ဖြစ်နေပါတယ်။ တစ်မျိုးတော့မထင်ပါနဲ့.. ဟီး...အဲ့ဒါကတော့ ကိုယ့်နိုင်ငံကိုတောင် မြန်မာလို့  ခေါ်ရမလား ဗမာလို့ ခေါ်ရမလား  ဝေခွဲမရလို့ ပါခင်ဗျ။ အင်း..မြန်မာ...နဲ့....ဗမာ ဆိုတာ နှစ်လုံးတည်းဆိုတော့လဲ ကျပ်လည်းကျပ်ချင်စရာပဲကိုး။ ငြင်းခုန်နေကြတဲ့ သူတွေကလဲ သူ့ဘက်က မှန်သလို ကိုယ့်ဘက်က မမှားသလိုနဲ့ အကြိတ်အနယ် ဆက်ကန်..အဲ.. အခိုင်အမာ ပြောဆိုနေကြလေရဲ့။ ဗမာလို့ ရပ်တည်ချင်တဲ့ သူတွေဘက်က ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို မြန်မာ့လွတ်လပ်ရေး တပ်မတော် (MIA) ဆိုပြီး လုပ်လို့ရမလားဆိုပြီး ထပွက်လောရိုက်နေသလို မြန်မာဘီယာ ကို ဗမာဘီယာ ဆိုပြီးပြောင်းရင်လဲ မြန်မာတို့ရဲ့ ထရိတ်မတ်ဘီယာလေး ပျောက် သွားမှာပေါ့ဆိုပြီး မြန်မာလို့ ဆက်ခေါ်ချင်သူများကလဲ တစ်ဘက်ကအလျှော့မပေးသေးသဗျ။ အင်း..နိုင်ငံခြားအဖွဲ့တွေကတော့ ကြားထဲကထွင်လိုက်တာ ရှင်းတယ်..Myanmar/Burma တဲ့..ကဲ.  ..ပြီးရော။ ဟိဟိ ။ ဒီတော့ ကိုကိုဖရီးလည်း ကိုကိုဖရီးတို့ရဲ့ အမ်ဒီအယ်ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အရက်သမားများအသင်း (MDL- League for Myanmar Drinkers) ကို ဘီဒီအယ် ခေါ် ဗမာနိုင်ငံလုံး ဆိုင်ရာ အရက်သမားများအသင်း (BDL- League for Burma Drinkers) ဆိုပြီး ပြန်ပြောင်းရမလား မပြောတတ် တော့ဘူးခင်ည။ ဒါကြောင့် ရီဖရန်ဒန်ခေါ် အရက်သမားများ၏ ဆန္ဒနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ အများဆန္ဒအရ  ( ဟိဟိ...တစ်ဦးမှလဲ မပါဘဲနဲ့) အောက်ပါ အထင်ကရ သြဇာမလကာကြံချောင်း ကြီးမားလှသည့် ၀ါးရင့်ပုဂ္ဂိုလ်ကြီးများပါဝင်သော အမ်ဒီအယ်ဘုတ်အဖွဲ့ကြီးမှ စည်းကမ်းပြည့်ဝသည့် ဟုမ်းမိတ်ဒီမိုကရေစီနယူးဖော်မြူလာနှင့်အညီ  ကြီးမှူး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
(၁) ကိုကိုဖရီး ( အ.က.ထုတ်. - ဥက္ကဌ )
(၂) ဒေါက်တာဖရီး ( အတွင်းရေးမူး ) ( မှတ်ချက် ။ ဒေါက်တာချက်ကြီးနှင့် အမျိုးမတော်ပါ)
(၃) မောင်မောင်ဖရီး ( လက်ယာ တွဲဖက်အတွင်းရေးမူး) ( မှတ်ချက် ။ မောင်မောင်စေတန်မဟုတ်)
(၄) ညမင်းသားဖရီး (လက်ဝဲအတွင်းရေးမူး) ( မှတ်ချက် ။ ညမင်းသားလေး၏မိတ်ဆွေတစ်ဦးမျှသာ)
(၅) မိုးကျရွှေဖရီး (တွဲဖက်လက်ထောက်ပူးတွဲအတွင်းရေးမူး) ( မှတ်ချက် ။ မိုးကျရွှေကိုယ်နှင့် မှားယွင်းခြင်းသည်းခံပါ)
ပုံ။ ကိုကိုဖရီး
ချဲရောင်းမယ် (Chairman)
MDL/BDL

Jun 23, 2012

ကိုကိုဖရီး၏မဟာကိုရီးယားစစ်တမ်း


ခုတစ်လော ကျွန်ုပ်ကိုကိုဖရီးတစ်ယောက် မြန်မာပြည်တွင် အရှင်လတ်လတ်ကြီးရှိလျက် ကိုရီးယား ရောက်နေသည့်ပမာ တစ်ယားတည်းယားနေကြသော မြန်မာအမျိုးသမီးများကို ကြည့်ပြီးနားမလည်နိုင်စွာရှိမိပါ၏။ ကိုကိုဖရီးထက်ပဲ ကိုရီးယားမင်းသားတို့က သာချောပေလို့လော...ငှင်းငှင်းငှင်း။ အိမ်း....မည်သို့ပင်ဆိုစေကာမူ မြန်မာအမျိုးသမီးပျိုပျိုအိုအိုတို့အား ကြောက်ခမန်းလိလိ ကိုရီးယား ဇတ်လမ်းတွဲများက ပြုစားထားသည်ကို အလွန်တရာမှ မအောင့်အည်းနိုင်လောက်အောင် အီအီးထွက်မတတ် ကိုကိုဖရီးတစ်ယောက် စိတ်ဝင်စားလာရပေသည်။ သို့ဖြစ်၍ တစ်နေ့သ၌ အချိန်ယူပြီး သုံးသပ်နိုင်ရန် ကျွန်ုပ်ကိုကိုဖရီးသည် မြန်မာစာတန်းထိုးကိုရီးယား ဇတ်လမ်းတွဲခွေများ ( ဟ၀ှာခွေများမဟုတ်) အား ၀ယ်ယူကာ ဘီယာလေးတစ်မြုံ့မြုံ့ အာလူးကြော်လေး တစ်ကိုက်ကိုက်ဖြင့် ဇိမ်ကျကျ ကြည့်မိလေ တော့သတည်း။ ဤသို့ အားရပါးရ သောက်ပြီး ...အဲ..အဲ.. ကြည့်လိုက်သည်မှာ တစ်ထိုင်တည်းနှင့် အချပ်ရေပေါင်း (၈) ချပ်ခန့်  ဇတ်လမ်းတွဲပေါင်း ၃ ခုခန့်နှင့် ဘီယာပုလင်းပေါင်း ၁၀ လုံးခန့် ခရီးရောက်ခဲ့ ပေသည်တကား။ ထိုမျှလောက် ပမာဏလေး ကြည့်ရုံနဲ့ပင် ကိုကိုဖရီးတစ်ယောက် ကိုရီးယားကားများ၏ အလွန်တရာမှ ထူးဆန်းလှသကဲ့သို့ အလွန်တရာမှပင် ဖန်တစ်ရာ ထပ်နေသော အချက်များအား မှတ်တမ်းတင် တွေ့ရှိခဲ့လေတော့သည်။ ယင်း top ten စာရင်းဝင် တွေ့ရှိချက်များမှာ အကုန်အကျခံ လေ့လာထားရသော် လည်း ဖရီးဆိုလျှင် သိပ်သိပ်ကြိုက်သည့် ကိုကိုဖရီး၏မူအတိုင်း အောက်ပါအတိုင်း အခမဲ့အလကား ဖရီးဝေမျှ လိုက်ရပါ၏ ။ ကောင်းမွန်ရိုသေစွာဖတ်ရှုကြကုန်လော့ ......
(၁) ကိုရီးယားကားများတွင် ရုပ်ဆိုးဆိုး၊ ချောချော အရွယ်စုံ သရုပ်ဆောင်ပေါင်း အနည်းဆုံး ၂၀ ခန့် မှာ ဇတ်ရုပ်ပေါင်းစုံဖြင့် ပါဝင် လေ့ရှိသည်။ ( သရုပ်ဆောင် ၄ ဦးလောက်နှင့် ဘာလုပ်ကိုင်စားသောက်နေကြမှန်းမသိ  ပြီးသွားတတ်သော မြန်မာကားများနှင့် နှိုင်းယှဉ်ကြည့်ပါကုန်)
(၂) ကိုရီးယားကားများတွင် အစားအသောက်ခန်းများသည်ကား အမှန်အကန်စားသောက်ရခြင်းဖြစ်ပေသည်။ ( မြန်မာကားများမှာမူ အပေါစားပေါင်မုန့်များစား၊ အရက်သောက်ခန်းပါလျှင်တောင် သူဌေးသောက်လဲ မန္တလေးရမ်၊ ဆင်းရဲသားသောက်လဲ မန္တလေးရမ်နှင့် မသောက်ရတာချင်းအတူတူတောင် ငါးမုန့်ကြော်လေး တစ်ပန်းကန်မျှနှင့် မွဲရှာလေသတည်း. အဟင့် ဟင့်)
(၃) ကိုရီးကားများတွင် စကားပြောစရာရှိပါက ကော်ဖီဆိုင်သို့သာ အလိုလိုရောက်နေတတ်ကြကုန်၏။ ( ထိုကော်ဖီဆိုင်မျိုးများမှာ ကိုရီးယားတွင်မူ ပေါများလှသော်လည်း မြန်မာပြည်တွင်မူ ပိုက်ဆံရှိလူတန်းစား များသာ သွားနိုင်သောနေရာများဖြစ်လတ္တံ့)
(၄) ကိုရီးယားကားများတွင် ကောင်မလေးများမှာ အလွန်တရာမှ လက်ရဲဇက်ရဲရှိကြပြီး လမ်းခွဲခါနီးတိုင်း ကောင်လေးမှ လှည့်ထွက်သွားပါက အနောက်မှ ခါးကို မဟားဒယား အတင်းလိုက်ဖက်တတ်ကြကုန်၏။ ( ကိုကိုဖရီး ကတော့ ဒီလိုအဖက်ခံ ရရင် တစ်ခါတည်း ပျော့ကျသွား.. အဲ.. ပျော်သွားမည်ဖြစ်ခြင်း..ဟိဟိ)
(၅) ကိုရီးယားကားများတွင် လူငယ်မှသည် လူကြီးများအထိ စုံတွဲဇတ်လမ်းပေါင်းများစွာဖြင့် ဒီလူကဟိုလူကြိုက် ဟိုလူက တစ်ခြားသူကြိုက် တစ်ခြားသူက နောက်တစ်ယောက်ကိုကြိုက်.. နောက်တစ်ယောက်က ဟိုလူကိုပြန်ကြိုက်... ဟာ ရှုပ်လာပြီ။ အဟင့်..ရေးရင်းရေးရင်းက ဖရီးတောင်မှ ရှုပ်လာပြီး.. ထားလိုက်ပါတော့ ဟီး.။.... စသည်ဖြင့် သရုပ်ဖော် ထည့်သွင်းတတ်ကြ၏။ ( သြော် ... ရှုပ်လေကောင်းလေ ဆိုသလိုကိုး ။ ဒါမှ မျက်စိလည်ပြီး လူတွေ ကြည့်ချင်လို့မဆုံးဖြစ်မယ်ထင်ပါ့)
(၆) ကိုရီးယားကားများကြည့်ပြီး လူဆိုးနှင့် ရဲများထက် ပိုက်ဆံချေးစားသည့် သူများကို ပိုကြောက်ရကြောင်း အံသြစွာ တွေ့ရှိရပေ၏။ ( အင်း .. ကိုကိုဖရီးလည်း ပရော်ဖက်ရှင်နယ် အကြွေးတောင်း အေဂျင်စီထောင်ဦးမှ .. ဟဲဟဲ)
(၇) ကိုရီးယားကားများတွင် မိန်းကလေးများအလွန်တရာမှ စိတ်ဆိုးလာပါက ရေဖြင့်မျက်နှာသစ်..အဲ.. ရေဖြင့်မျက်နှာကို ပက်ကုန်လေ့ရှိ၏။ ( မြန်မာမလေးများမူကား သည်းခံစိတ်ပြည့်ပြည့် နှုတ်ခမ်းကိုကိုက်ရုံမျှဖြင့် ဒေါသပြီးသွား တတ်ကြကြောင်း တွေ့ရပေ၏ )
(၈) ကိုရီးယားကားများတွင် မိန်းကလေးအဖို့ အိမ်ထောင်ကျသည်မှာ ထောင်ကျသည့်သဖွယ် ပင်ပန်းလှသော်လည်း ၄င်းတို့မှာ ယောက်ျားမရလျှင်ပင် လူဖြစ်ရကျိုးမနပ်သည့်သဖွယ် အသည်းအသန် လင်လိုချင်ကြပေသည်တကား။ ( မြန်မာမိန်းကလေးများ အတုယူကြပါကုန်လော့..ဟိ)
(၉) ကိုရီးယားကားများတွင် မိန်းကလေးနှင့်ယောက်ျားလေး နှစ်ဦးတည်းအိမ်တွင်နေထိုင်သော်ငြား (သို့) တစ်ခန်းတည်း အတူ အိပ်သော်လည်း ဟ၀ှာကိစ္စမျိုးမရှိတတ်ကြောင်း တွေ့ရ၏။ ( မြန်မာကားများတွင်မူ နှစ်ဦးတည်းအိမ်တွင်တစ်ညလောက်နေမိရုံမျှဖြင့် ဘ၀တစ်သက်တာ တာဝန်အတင်း ယူခိုင်းလိုက်ကြလေ သတည်း)
(၁၀) ကိုရီးယားကားများတွင် လူတိုင်းလိုလိုဟန်းဖုန်းရှိသော်လည်း မည်သူမျှ ခါးတွင်မျက်စိနောက်ဖွယ်ချိတ်ကာ ဟန်ပါပါ စတိုင်ထုတ် လမ်းမသလားကြပေကုန်။ ( မြန်မာများမူကား မျောက်အုန်းသီးရသည့်သဖွယ် အသံပေါင်းစုံ၊  ဖန်စီပစ္စည်းပေါင်းစုံနှင့် အားအားရှိ ဖုန်းကလိပြိုင်ကြကုန်ကြောင်း ကျွန်ုပ်တွေ့ရှိမိပေ၏)

ဤကား ကျွန်ုပ် ကိုကိုဖရီး၏ ကိုရီးယားရောဂါစစ်တမ်းဖြစ်ပေချေသည်တကား ။ ကောင်းမွန်ရိုသေစွာ မှတ်သား ကြကုန်လော့..ငှီးငှီးငှီး 

ခင်မင်လေးစားစွာဖြင့် မူလလက်ဟောင်း ကိုကိုဖရီး