ဖရီး၏ပြောမဆုံးပေါင်တောသုံးတောင်စကားများ

Showing posts with label humour. Show all posts
Showing posts with label humour. Show all posts

Dec 5, 2009

တစ်သက်စာအလွဲများ

တစ်နေ့သ၌ ကိုကိုဖရီးသည် မိန်းမချောချောတဲ့ မျက်နှာလေးကို အီမုံကေဖြင့် ဆံသပြီးသကာလ ဟိုင်းနေတော့ အရွယ်တော်ကို နုပျိုစိမ့်သောငှာ လူငယ်စတိုင် တီရှပ် ဂျင်းပန်န်တို့ဖြင့် လှည်းတန်းလမ်းအတိုင်းလျှောက်လာခဲ့သည်။ မျက်နှာချင်းဆိုင်မှ လာသော မိန်းမပျိုလေးများမှာ ကိုကိုဖရီးအားကြည့်ပြီး သကာလ ဆန့်ကျင်ဘက်လိင်ရဲ့ ဆွဲဆောင်အားကို မခံနိုင်သည့်အလား ပြုံးစိစိဖြင့် ခေါင်းငုံ့မျက်နှာလွှဲသွားကြလေသတည်း။ ထိုအခြေအနေမှာဘ၀င်မြင့်လောက်စရာဖြစ်သော်လည်း ကိုကိုဖရီးအနေဖြင့် ထိုကဲ့သို့ များစွာရိုးနေပြီဖြစ်သောကြောင့် မိန်းမပျိုလေးများအား ခပ်ပြုံးပြုံးနှင့်ပင် ပြန်ကြည့်လိုက်လေသည်။ (တကယ်တော့..ငမ်းကြည့်..ကြည့်တာခင်ဗျ)။ တကယ်တမ်း မိန်းကလေးများသာမက မျက်နှာချင်းဆိုင်လျှောက်လာသောယောက်ျာလေး များကပင်တအံ့တသြကြည့်လာသောအခါ တယ်ဟုတ်တဲ့ငါပါလားလို့ တွေးမိလေတော့သည်။ မိမိကိုယ်မိမိ စစ်ဆေးကြည့်ရာတွင်လည်း မည်သို့သော ချွတ်ယွင်းချက်မျှမတွေ့၍ အင်း…တည်ကြည့်ခန့်ညားလွန်းနေတော့ လူတွေ ဂရုစိုက်ရင် အနေကြပ်လိုက်တာ..ဟု နောင်တရချင်သလိုလိုလည်းဖြစ်လာသည်။ ထိုစဉ်..“ ညီလေး..ညီလေး…မင်းခေါင်းပေါ်မှာ.အိမ်မြှောင်ကြီး” ဟု လမ်းဘေးဈေးသည်တစ်ဦးမှ လှမ်းပြောလိုက်စဉ်…“ဟဲ့..ဟဲ့..သောက်ကျိုးနဲ” ။ “အမလေးဗျ”…ဟု.အော်ရင်းလက်ဖြင့် လျင်မြန်စွာပုတ်ချလိုက်ရာ .. အနှီအိမ်မြှောင်မှာ ကိုယ်ပေါ်မှာ ပြုတ်ကျပြီးပလက်ဖောင်းအုတ်ကြိုအုတ်ကြားထဲ ပြေးဝင်ပျောက်ကွယ်သွားလေသည်။ ထိုအခါ ကိုကိုဖရီး ရဲ့အဖြစ်ကို မြင်တွေ့လိုက်ရသော အနီးရှိလူများမှ ရယ်မောသံများ ပွက်ခနဲ ထွက်လာလေတော့သည်။သကောင့်သား အိမ်မြှောင်မှာ လိုင်းကားပေါ်မှ ကိုကိုဖရီးဆင်းလိုက်စဉ် ခေါင်းပေါ်ပြုတ်ကျလာပုံရပြီး မိန့်မိန့်ကြီးဖြင့် ကိုကိုဖရီးခေါင်းပေါ်မှ ဆံပင်များကို ဆုပ်ကိုင်ကာ တိုင်းခန်းလှည့်လည်သော ဘုရင်ကြီးဟန်ဖြင့် ထိုင်လိုက်လာပုံပေါ်သည်။ ထို့ကြောင့် စောစောက မိန်းကလေးများပြုံးစိစိ လုပ်သွားပုံပေါ်သည်ဟု ခုမှု စဉ်စားမိလေတော့သည်။ အမလေး..ငါဟဲ့..ကိုကိုဖရီးရဲ့ တစ်သက်စာအလွဲများ ဆိုပြီး သီချင်းလုပ်ဆိုလိုက်ရ….(လွဲလွဲလေးဘဲ ကောင်းပါတယ်၊လွဲနေရရင် ပြီးတာပဲ.. နေတတ်ရင် အေးဆေးဘဲ) ဟီး..ဟီး..။ ။ (မူလလက်ဟောင်း..ဖရီး)